အသည်းကို ထိခိုက်စေတဲ့ ဆေးဝါးများ
ဆေးမသောက်ဖူးတဲ့သူလို့ ရှိမယ်မထင်ပါဘူး။ မွေးကတည်းကနေ သေဆုံးချိန်အထိ နေမကောင်းလို့ သောက်တာ၊ အားရှိချင်လို့ သောက်တာ၊ လှချင်လို့ သောက်တာ စတဲ့ရည်ရွယ်ချက်မျိုးစုံနဲ့ သောက်တဲ့ မြန်မာဆေး၊ အနောက်တိုင်းဆေး၊ တိုင်းရင်းဆေး၊ ဖြည့်စွက်စာတွေ အများကြီးရှိကြမှာပါ။ ဆေးဆိုတာ သောက်တိုင်းကောင်းသလား မေးရင် မကောင်းပါဘူး။
တကယ်လိုအပ်လို့ သောက်တာကို မပြောသာပေမယ့် မလိုအပ်ဘဲ သောက်နေတဲ့ ဆေးတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးတောင် ရနိုင်ပါသေးတယ် (ဥပမာ အကိုက်ပျောက်ဆေးတွေ မကြာခဏ အလွယ်တကူသောက်လို့ အစာအိမ်ပေါက်၊ အူပေါက်နိုင်တာ)။
သောက်လိုက်တဲ့ဆေးအများစုကို အသည်းက ချေဖျက်ပေးပြီး မစင် သို့မဟုတ် ဆီးကတစ်ဆင့် စွန့်ထုတ်ပေးပါတယ်။
ဒါကြောင့် ဆေးတွေသောက်တာ များလေလေ အသည်းကိုထိခိုက်နိုင်ခြေ များလာလေလေပါ။
တချို့ဆေးတွေက အသည်းကို တိုက်ရိုက်ထိခိုက်စေပြီး တချို့ကတော့ အသည်းက ချေဖျက်တဲ့အခါ ထွက်လာတဲ့ ဓာတုပစ္စည်းတွေက ထိခိုက်စေတာ ဖြစ်ပါတယ်။ လိုအပ်တဲ့ပမာဏထက် ပိုသုံးစွဲမိလို့ ထိခိုက်တာ၊ ဓာတ်မတည့်ခြင်းဖြစ်လို့ ထိခိုက်တာ နဲ့ အကြောင်းရင်းကိုမသိဘဲ ထိခိုက်တာ ဆိုပြီး ရှိပါတယ်။
ဘာတွေဖြစ်မလဲ?
- ရုတ်တရက် အသည်းရောင်တာနဲ့ နာတာရှည်အသည်းရောင်တာ
- အစာခြေရည်လမ်းကြောင်း ပိတ်စေတာ
- အသည်းအဆီဖုံးတာ
- အသည်းခြောက်တာတွေ ဖြစ်စေနိုင်ပါတယ်။
ဘယ်ဆေးတွေက အဖြစ်များတာလဲ?
- ပါရာစီတမော
- အကိုက်အခဲပျောက်ဆေးတွေ ( Aspirin, ibuprofen)
- ပိုးသတ်ဆေးတွေ (coamoxyclac, erythromycin)
- မှိုသတ်ဆေးတွေ ( ketoconazole)
- သွေးတွင်းအဆီကျဆေး (statin group)
- သွေးကျဆေး (methyldopa)
- အတက်ကျဆေး ( Phenotoin, valproate, carbamazapine)
- စိတ်ရောဂါကုဆေးတွေ
- HIV ရောဂါကုဆေးတွေ
- တီဘီဆေးတွေ ( Isoniazid, rifanpicin )
- ကင်ဆာဆေးတွေ ( methotrexate or azathioprine)
- စတီးရွိုက်ဆေးတွေ
- ဂေါက်အဆစ်ရောင်ရောဂါဆေး ( allopurinol)
ရောဂါလက္ခဏာအနေနဲ့...
- ခန္ဓာကိုယ်က ဆေးကိုစုပ်ယူတဲ့ပမာဏ
- ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးပျံနှံ့တဲ့ပမာဏ
- ဆေးကို မစင်နဲ့ဆီးကတဆင့် စွန့်ထုတ်တဲ့နှုန်း နဲ့
- ခန္ဓာကိုယ်က ဆေးကိုတုံ့ပြန်မှု တို့အပေါ်မူတည်ပြီး အသားဝါ၊ ဆီးဝါဆီးအရောင်ရင့်တာ၊ မောပန်းတာ၊ ဗိုက်အောင့်တာကနေ သတိလစ်ပြီး အသည်းပျက်စီးတာအထိ ဖြစ်နိုင်ပါတယ်။
ကာကွယ်ဖို့အတွက်...
- မလိုအပ်ဘဲ ဆေးမသောက်၊ ဆေးမထိုးပါနဲ့။
- လိုအပ်လို့ သောက်ရရင်လည်း သောက်သင့်တဲ့ပမာဏထက် မပိုပါနဲ့။
- သောက်ရမယ့်ဆေးတွေက ဆေးနာမည်ကွဲပြီး ပါဝင်တဲ့ဆေးတူနေလား သေချာစစ်ပါ ( ဥပမာ biogesics နဲ့ paradank ဟာ နာမည်သာကွဲပြီး ပါရာစီတမော 500 mg ပါတာချင်း အတူတူပါ)။
- မိမိစွဲသောက်နေရတဲ့ဆေး၊ ကိုယ့်သဘောနဲ့ကိုယ် သောက်နေတဲ့ဆေးအားလုံးကို ဆရာဝန်ကို ပြောပြပါ။
- မိမိမှာ အသည်းရောဂါရှိရင် ဆရာဝန်ကို ပြောထားပါ။
မိတ်ဆွေတို့ရဲ့ အသည်းကို ဆေးတွေကြောင့်ထိခိုက်ခြင်းမှ ကာကွယ်နိုင်ကြပါစေနော်။
အသည်းရောဂါအတွက် တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်လည်း Healtppy က ဆရာန်တွေက အဆင်သင့်ရှိနေပါတယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်